.

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

14 June 2009

ဆင်းရဲသားပပျောက်ရေးတရားတော် .... ၈

နည်းစဉ် - ၎

ဂန္ဓတိန္ဒု ဇာတ်


ဟိုးတုန်းက ရှင်ဘုရင်တစ်ပါး ရှိတယ်။ အဂတိ လိုက်စား မတရားသဖြင့် မေ့မေ့လျော့ လျော့ ပေါ့ပေါ့ ဆဆ နှင့် မင်းပြုနေတယ်။ ဒါပေမဲ့ မြို့အပြင်ဘက်က နံ့သာတည်ပင်ကြီး ကိုတော့ တစ်နှစ်တစ်ကြိမ် (တစ်ထောင်တန်) အကုန်အကျခံပြီး ပူဇော်ပသလေ့ရှိတယ်။ အဲဒီတုန်းက တည်ပင်စောင့် ရုက္ခစိုးဟာ ဘုရားလောင်းဖြစ်နေတယ်။ ဘုရားလောင်းဆို တော့ သူ့အပေါ် ကျေးဇူးများတဲ့ ဘုရင့်အပေါ် လျစ်လျူရှု မထားရက်ဘူးပေါ့။ ဒါနှင့် ညအခါ ရှင်ဘုရင်အိပ်နေတဲ့ ကျက်သရေ အိပ်ခန်းဆောင် ဘုရင့်သလွန်တော်ခေါင်းရင်းမှာ အရောင်အ၀ါတွေ နှင့် ကိုယ်ထင်ရှားပြပြီးတော့ ဘုရင့်ကို ဆုံးမတယ်။ အဲဒီထဲက အားလုံးတော့မဟုတ်ဘူး လိုရင်းကို ပြောကြတာပေါ့။

မဒါ ပမာဒေါ ဇာယေထ။ ။ မာန်ယစ်ခြင်း ကြောင့် မေ့လျော့ ပေါ့ဆမှုတွေ ဖြစ်တတ်တယ်။

ကျန်းမာနေပြန်ရင်လည်း ငါကျန်းမာနေတာပဲ ဘယ်သူ/ဘယ်ဟာ/ဘာ အရေးစိုက်စရာလိုသလဲ၊ အရွယ်ကောင်းဖြစ်နေပြန်လျှင်လည်း မာန်တက်ပြန်ရော။ ငါ လုပ်နိုင် ကိုင်နိုင် အရွယ်ရှိသေးတာ ဘယ်သူ/ဘယ်ဟာ / ဘာ အရေးစိုက်စရာလိုသလဲပေါ့။

ကုန်ကုန်ပြောရရင် အသက်ရှင်နေတာကိုပဲ မာန်တက် ချင်နေကြတာကလား။ ငါမှ မသေသေးပဲ ဘယ်သူ/ဘယ်ဟာ/ဘာ အရေးစိုက်စရာ လိုသလဲ ပေါ့။ ဒါကို မာန်ယစ်တယ် မာန်တက်တယ် လို့ ခေါ်တယ်။ အဲဒီလိုပဲ ပညာမာန်တွေ ဓနမာန်တွေ အာဏာမာန်တွေ (စသည်)၂ ဖြင့်အများကြီးပဲ မာန်ယစ်တတ်တာတွေ /မာန်တက်တတ်တာတွေပေါ့။ အဲဒီလို မာန်တက်တော့ ဘာဖြစ်သလဲ။

မာန်ယစ်နေတုန်း မာန်တက်နေတုန်း ကောင်းတဲ့ အလုပ်တွေလုပ်ဖို့ အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကြုံလာလျှင် အရေးမကြီးပါဘူး ဆိုပြီး မေ့ပစ်တယ်။ မလုပ်ဖြစ်ဘူး။ မကောင်းတဲ့ မလုပ်သင့်တဲ့ အလုပ်တွေကိုလည်း ဘာဖြစ်လဲ ဆိုပြီး ပေါ့တိပေါ့ဆ လုပ်တတ်တယ်။

ပမာဒေါ တယတေ ခယော။ ။ ဒီလို မေ့မေ့ လျော့လျော့ ပေါ့တိပေါ့ဆ လုပ်လာတော့ အဘက်ဘက်က ချွတ်ယွင်းမှုတွေ ဆုံးရှုံးမှု တွေ ပျက်စီးမှုတွေ ဖြစ်လာတတ်တယ်။

ခယာ ပဒေါသာ ဇယန္တိ။ ။ ဒီလိုပျက်စီးမှုတွေ နှင့် ကြုံရတဲ့အခါ ရမ်းကားလာတတ်တယ်။ နဂိုက ဒီလူ ဒီလို မဟုတ်ပါဘူး။ ခုကျမှ ဒီလို ဆိုတာမျိုး ပစ္စည်းရှိတုန်း၊ အာဏာရှိတုန်းက တစ်မျိုး ပစ္စည်းမရှိ အာဏာမရှိတော့ တစ်မျိုးဆိုပြီးတော့ ပတ်ဝန်းကျင်ကို ရမ်းကားတတ်တယ်။ နဂိုအတိုင်း ပြန်ဖြစ်အောင် လုပ်ပြန်တော့လည်း နည်းမမှန် လမ်းမကျ ဥပဒေ နှင့် မလွတ်ကင်းတာတွေ ဒုစရိုက်နှင့် မလွတ်ကင်းတာတွေ လုပ်မိလို့ နဂိုအဆင့် ပြန်မရောက်ရုံမျှမက ဒုက္ခပါရောက်ရပြန်တယ်။ မထူးပါဘူး ဆိုပြီးတော့ မထူးဇာတ်ခင်းမှ ပိုတောင်ဆိုးသေးတယ်။ အစကတည်းက မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနှင့် နေလာခဲ့တာ။ လုပ်သင့်တာတွေကို လုပ်ရကောင်းမှန်းမသိ မလုပ်သင့်တာတွေကို ရှောင်ရကောင်းမှန်းမသိ ၀ါသနာအလျောက် မလုပ်သင့်မလုပ်ထိုက်တာတွေ ကိုပဲ လျှောက်လုပ်တတ်တယ်။ ဒါကြောင့် ပျက်စီးလာလျှင် အပြစ်တွေ ပိုများလာတတ်တာပေါ့။

မာမဒေါ ဘရတူသဘ။ ။ တိုင်းပြည်တာဝန်တို့လို အလွန်ကြီးလေးတဲ့ တာဝန်တွေ ထမ်းဆောင် ရတဲ့ ပုဂ္ဂိုလ်မျိုးဟာ ဘယ်တော့မှ မာန် မယစ်ပါနှင့် လို့ ဆုံးမတယ်။

ဒီနေရာမှာ ဘာသတိပြုသင့်သလဲ ဆိုတော့

(၁) မာန်ယစ်တာတွေ မရှိသင့်ဘူး။ မာန်တက်တာ တွေ မဖြစ်သင့်ဘူး။ ကျန်းမာနေရင်လည်း ကျန်းမာနေတုန်း ကြိုးစားမှ ဆိုပြီးတော့ လုပ်သင့် လုပ်ထိုက်တာတွေ ကြိုးစား လုပ်ရမှာဖြစ်တယ်။ အရွယ်ကောင်း နေရင်လည်း အရွယ်ကောင်းတုန်း ကြိုးစားမှ။ အသက်ရှင်နေရင်လည်း အသက်ရှင်နေတုန်း ကြိုးစားမှ၊ အာဏာရှိတော့ အာဏာရှိတုန်း ကြိုးစားမှ၊ ပစ္စည်းရှိနေရင်လည်း ပစ္စည်းရှိနေတုန်း ကြိုးစားမှ စသဖြင့် ရရှိနေတဲ့ အခြေအနေကောင်းတွေကို မာန်တက်နေမည့်အစား အသုံးချပြီး ကြိုးစားရမှာ ဖြစ်တယ်။

(၂) လုပ်ခွင့်သာတဲ့ အချိန်ကလေး ရရှိထားခိုက် လုပ်သင့်တာတွေ လုပ်မိအောင် မလုပ်သင့်တာတွေ မလုပ်ဖြစ်အောင် လုပ်ရမှာဖြစ်တယ်။ လုပ်သင့်တာတွေ လုပ်ဖြစ်အောင် လုပ်တာတော့ဟုတ်ပါပြီ။ မလုပ်သင့် တာတွေ မလုပ်ဖြစ်အောင် တော့ ဘယ်လို လုပ်ရမလဲ၊ မလုပ်သင့်တာတွေ မလုပ်မိအောင် အထူးရှောင်နေတာထက် အဲဒီအချိန်မှာ လုပ်သင့်တာ လုပ်လိုက်လျှင် ပြည့်စုံပါပြီ။

(၃) အကြောင်းအမျိုးမျိုးကြောင့် ကောင်းဆိုးနှစ်တန် လောကဓံတွေရဲ့ အလှည့်အပြောင်းမှာ အဆိုးလောကဓံ နှင့် ကြုံရပြီ ဆိုလျှင်ကော ဘယ်လိုလုပ်မလဲ။ ပြန်လည်တည်ဆောက်ရေးကို အားသွန်ခွန်စိုက် လုပ်ရအုံးမှာပေါ့။ ဒီလို လုပ်တဲ့ နေရာမှာတော့ အရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဥာဏ်နှင့် သတိယှဉ်ပြီး အလုပ်လုပ်ရမှာပေါ့။ ဟုတ်တယ်လေ။ ဘ၀ဆိုတဲ့ ခန္ဓာစဉ်က ဒီဘ၀မှာတောင်မှ သေဆုံး ပြတ်စဲသွားတာ မဟုတ်သေးဘူး။ ရှေ့ဆက် အသက်ရှင်ရမှာ မဟုတ်ဘူးလား။ သေသွားရင်ကော နောက်ဘ၀ ဒီခန္ဓာစဉ် ဆက်သွားဦးမှာ မဟုတ်လား။ ဒီတော့ မထူးပါဘူး ဆိုပြီးတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဇွတ်နစ်နေလို့ ဖြစ်ပါအုံးမလား။

2 comments:

အိမ်လွမ်းသူ said...

“သေသွားရင်ကော နောက်ဘ၀ ဒီခန္ဓာစဉ် ဆက်သွားဦးမှာ မဟုတ်လား”
ဆိုတဲ့စာသားက သဿတဒိဋ္ဌိဖြစ်မနေဘူးလားဘုရား.. တပြည့်တော် အခုမှလာဖတ်ဖြစ်တာပါ။ တပြည့်တော်သိထားတာက ခန္တာပြတ်တယ်(သေပြီးဘာမှမဖြစ်တော့ဘူး) ဆို ဥစ္ဆေဒဒိဋ္ဌိဖြစ်ပြီး ခန္တာစဉ်ဆက်တယ်ဆိုတဲ့အယူအဆက သဿတဒိဋ္ဌိဖြစ်တယ်လို့ မှတ်သားရဖူပါတယ်။ တပြည့်တော်လက်ခံထားတာကတော့ ကောင်းမှုလုပ်ရင် ကောင်းတဲ့ကံဖြစ်လို့ ကောင်းကျိုးခံစားရပြီး အကုသိုလ်လုပ်ရင် မကောင်းမှုကံဖြစ်လို့ မကောင်းတဲ့အကျိုးခံစားရမယ်.. သေသွားပြီဆိုရင် ဒီဘဝ ဒီခန္တာက မီးလောင်ပြာကျ မြေကြီးထဲရောက်သွားရတယ်။ ဒါကိုပြတ်တယ်ဆိုတဲ့သူတွေက သေပြီးရင် ပြီးသွားပြီလို့ဆိုကြတယ်။ ဆက်တဲ့သူတွေကတော့ ဝိဉာဏ်ကောင်ကလေးကျန်ခဲ့ပြီး နောက်ဘဝဆက်သွားတယ်လို့ လက်ခံကြတယ်။ မြတ်စွာဘုရားဟောကြားခဲ့တာက အဲ့ဒီအစွန်း နှစ်မျိုးစလုံးကိုရှောင်ပြီး ကံ၊ ကံ၏အကျိုးသာ ရှိတယ်လို့ သေလွန်ပြီးနောက် ဒီခန္တာဟာ နောက်ထပ်မဆက်နိုင်ပေမဲ့ မိမိပြုလုပ်ခဲ့ဘူးတဲ့ ကုသိုလ်၊ အကုသိုလ်ကံတွေကသာ နောက်ဘဝဖြစ်ဖို့ အကျိုးပြုတယ်လို့ ဓမ္မစေတီဆရာတော် ဦိးကောသလ္လက ရှင်းလင်းဟောပြထားတာ နာခဲ့ရဘူးပါတယ်ဘုရား...
ဆရာလုပ်တာမဟုတ်ပါဘူးဘုရား... တပြည့်တော်သိထားသလောက် ပါဝင်ဆွေးနွေးကြည့်တာပါ... တပြည့်တော်သိထားတာ မှားနေရင်လဲ ပြင်ပေးပါဘုရား... အရှင်ဘုရား ရေးထားတဲ့အပေါ် တပြည့်တော် နားလည်မှုလွဲမှားသွားတယ်ဆိုရင်လဲ တောင်းပန်ပါတယ်ဘုရား...

Anonymous said...

louis vuitton can be carried or shouldered with an adjustable strap. I’m always more appreciated the adjustable louis handbags strap rather than a handle and a detachable shoulder belt for my frequent oblivion of the detachable one. With an interior patch and several phone pockets, Monogram Canvas are great choice for urban life. Monogram Cruise never try to impress people at the first glance.