လေးကျွန်း တစ်မြင်းမိုရ် ပိုင်ပါတယ်။ ဘယ်လူသားမှ ဆန့်ကျင်ဘက်အဖြစ် မရပ်တည်နိုင်ပါဘူး။ ဒါလောက် ဘုန်းတန်ခိုးအာနုဘော် ကြီးပါတယ်။ စကြာမင်းကြီးတွေရဲ့ ခေတ်ဆိုတာ လူ့လောကဟာ နတ်ပြည်ကြီးအတိုင်းပါပဲ။ လုံးဝအေးချမ်းသာယာပါတယ်။ ရတနာမျိုးစုံ ပေါများကြွယ်ဝ သလို အစာရေစာ ဆိုတာလည်း ပြောစရာမလိုအောင် ပြည့်စုံပါတယ်။ စကြာရတနာ ကြီးရဲ့ တန်ခိုးနဲ့ တစ်ဆယ့်နှစ်ယူဇနာ အ၀န်းအ၀ိုင်းလောက်ရှိတဲ့ လူအုပ်ကြီးတွေတောင် ကောင်းကင်ပျံတက်၍ လေးကျွန်းတစ်မြင်းမိုရ် လှည့်ပတ်သွားလာ နိုင်ပါတယ်။ လူ့လောက ကြီးရဲ့ အသာယာဆုံး အကောင်းဆုံး ခေတ်ဆိုတာ စကြာမင်းကြီးတွေရဲ့ ခေတ်ပါ။ ဆင်းရဲသား ဆိုတာလည်း (လုံးဝ)၂ မရှိပါဘူး။ ဆင်းရဲနိုင်တဲ့ ကံပါလာတဲ့ သူတွေတောင် အကောင်းဆုံး ခေတ်ကာလ ဆိုတဲ့ စကြာမင်း ခေတ်ကာလက တားမြစ်လိုက်တဲ့ အတွက်ကြောင့် အဲဒီ အကုသိုလ်ကံတွေ အဟောသိကံ ဖြစ်သွားလို့ လုံးဝ အကျိုးမပေး နိုင်တော့ပါဘူး။ ဆင်းရဲမွဲတေ နိုင်တဲ့ ကံ ကို တောင် တားမြစ်နိုင်တဲ့ ခေတ်ကြီးဖြစ်ပါတယ်။ အဲဒီလောက်ကို ပြည့်စုံပါတယ်။
စကြာမင်းကြီးတွေရဲ့ ခေတ်ဆိုတာ လူ့လောကရဲ့ အမြင့်ဆုံး ခေတ်ကြီးဖြစ်ပါတယ်။
ပြောကြပါစို့ရဲ့။
စောစောက ပြောခဲ့တဲ့ ခုနစ်ဆက်မြောက် စကြာမင်းကြီးဟာ အသက်ကြီးလာတော့ သားကြီးရတနာကို နန်းလွှဲပြီး တောထွက်ရသေ့ ၀တ်လို့ ခုနစ်ရက်မြောက်တဲ့ နေ့မှာ ထုံးစံအတိုင်း စကြာရတနာကြီး ကွယ်ပျောက်သွားပါတယ်။ ဒီလို စကြာရတနာကြီး ကွယ်ပျောက်သွားတဲ့ အခါမျိုးမှာ သူ့ဖခင်ကြီးနှင့် တကွ အဘိုးအဘေး တို့လုပ်ခဲ့ကြပုံက ဖခင်ရသေ့ကြီးဆီ သွားပြီးတော့ စကြာရတနာကြီး ကွယ်ပျောက်သွားကြောင်း ဘယ်လို လုပ်သင့်ကြောင်း မေးမြန်းလျှောက်ထားလေ့ ရှိကြပါတယ်။
စကြာမင်းလုပ်ခဲ့တဲ့ ဖခင်ရသေ့ကြီးကလည်း `` ငါ့သား စကြာ ရတနာ ဆိုတာ အဖေ အမွေ ပေးလို့ရတဲ့ ပစ္စည်း မျိုး မဟုတ်ဘူး။ စကြာမင်း ဖြစ်နိုင်လောက်တဲ့ ဘုန်းကံ ပါရမီ ပါပြီး စကြာမင်း ကျင့်ဝတ်တွေကို ကျင့်မယ်ဆိုလျှင် စကြာရတနာ ကြီး ဆိုက်ရောက်လာမှာ အမှန်ပဲ။ ငါ့သားလည်း စကြာမင်း ဖြစ်ထိုက်တဲ့ ဘုန်းကံ ပါရမီ ပါပြီးဖြစ်တယ်။ စကြာမင်း ကျင့်ဝတ်တွေကိုသာ ပြည့်ပြည့်စုံစုံ ကျင့်ပါ ´´ လို့ နှစ်လည်း နှစ်သိမ့်၊ တိုက်လည်း တိုက်တွန်းပြီး စကြာမင်း ကျင့်ဝတ်တွေ ဘယ်လိုပြုကျင့်ရမည်ဆိုတာ မိမိအတွေ့အကြုံ အဖ အဘိုးအဘေး တို့ အတွေ့အကြုံ တွေ ပေါင်းစပ်ပြီးတော့ သင်ပြ ပေးလိုက်သတဲ့။
ဒီလိုနဲ့ စကြာမင်း ကျင့်ဝတ်တွေ ပြည့်ပြည့်စုံစုံ ကျင့်လိုက်တော့ စကြာရတနာ ဆိုက်ရောက်လာပြီး စကြာမင်း ဖြစ်ရပြန်တယ်။ ဒါက သူ့အဖေ သူ့အဘိုး သူ့အဘေး တို့ အဆက်ဆက် လုပ်ခဲ့ကြပုံပေါ့။
ဒီနောက်ဆုံး စကြာမင်း ကြီးရဲ့ သားကြီးရတနာ ကတော့ ဒီလိုမဟုတ်ဘူး။ သူလွှဲမှားစွာ လုပ်ခဲ့မိပုံက ဒီလိုပါ။
စကြာရတနာ ကြီး ကွယ်ပျောက်သွားတဲ့အခါ ဖခင် မင်းရသေ့ ကြီးဆီ သွားရောက်ပြီး အကျိုးအကြောင်း လျှောက်ထား တိုင်ပင်မှု မပြုဘဲ မှူးမတ်တွေကို သာ ညီလာခံ ခေါ်ပြီးတော့ တိုင်ပင်တယ်။ မှူးမတ်တွေကလည်း ကိုယ်တိုင် စကြာမင်း လုပ်ခဲ့တဲ့ ဖခင် မင်းရသေ့ ကြီးဆီ သွားရောက် အကြံဥာဏ် တောင်းဖို့ မတိုက်တွန်းကြဘူး။ မိမိ တို့ သိသမျှ တွေကိုသာ တင်ပြခဲ့ကြတယ်။
သူတို့တင်ပြပုံက အရှင်မင်းကြီး စကြာရတနာ ဆိုတာ မိဘ အမွေပေးလို့ ရတဲ့ ပစ္စည်းမျိုး မဟုတ်ပါဘူး။ စကြာမင်း ဖြစ်ထိုက်တဲ့ ဘုန်းကံ လည်း ပါပြီး စကြာမင်း ကျင့်ဝတ်တွေကို လည်း ကျင့်မည် ဆိုပါလျှင် စကြာရတနာ ဆိုက်လာနိုင်ပါတယ်။
ဒီအခါမှာ ဘယ်လိုကျင့်ရမှာလဲ လို့ သားတော်ကြီး ဘုရင်က မေးတော့ ဆင်းရဲသား ပပျောက်ရေး ကျင့်ဝတ်မှ တစ်ပါး ကျန်ကိုးပါးကို အသေအချာ ပြောပြနိုင်ကြပါတယ်။ တစ်ပါး လိုနေတယ် ဆိုပါတော့၊ စကြာမင်း ကျင့်ဝတ်က (၁၀) ပါးရှိတာကိုး။
ဒီလိုနှင့် သားတော်ကြီး ဘုရင်ကလေးလည်း မှူးမတ်တွေ တင်ပြတဲ့ စကြာမင်း ကျင့်ဝတ်တွေ ကျင့်လိုက်တာ တစ်ပါးလိုနေတော့ မပြည့်စုံပါဘူး။ ဒီတော့ စကြာ ရတနာ လည်း မဆိုက်ရောက်လာသလို စကြာမင်းကြီးလည်း မဖြစ်လိုက်ရရှာပါဘူး။ စကြာမင်း မျိုးဆက်လည်း ပြတ်ကရော့ ဆိုပါတော့။
ဒီနေရာမှာ ဘုန်းကြီး စဉ်းစားမိတာလေး ထည့်ပြောကြရအောင်၊ ဒီဘုရင်လေးနှင့် သူ့ပညာရှိ မှူးမတ်များက ဘာကြောင့် ဆင်းရဲသား ပပျောက်ရေး ကို ချန်လှပ်ထားခဲ့ကြတာလဲ ?
လွယ်လွယ်ပြောရရင် တော့ မလိုအပ်ဘူး ထင်လို့ နေမှာ ပေါ့ ဟုတ်တယ်လေ သူတို့ခေတ်မှာ ဆင်းရဲသားမှ မရှိဘဲ။ သူ့အဖေ သူ့အဘိုး သူ့အဘေး သူတို့ ဘိုးစဉ် ဘောင်ဆက် လက်ထက် အဆက်ဆက်မှာ ဆင်းရဲသားမှ မရှိဘဲ။ ဆင်းရဲသားမရှိတော့ ဆင်းရဲမွဲတေ မှု တိုက်ဖျက်ရေး ကိုလည်း မလိုအပ်ဘူးလို့ ထင်ကြမှာပေါ့။ မသိတာထက် အလေးမထားတာ က ပိုပြီး ဖြစ်နိုင်လောက်မယ် ထင်ပါတယ်။
ဒီတင်မှ သူ့တိုင်းပြည်မှာ ဆင်းရဲသား ပေါ်လာတယ် (ခဏနှင့်တော့ မဟုတ်ဘူး ကြာလာတော့ပေါ့) တစ်စ တစ်စ ဆင်းရဲသားတွေ များလာတယ်။ အဲဒီ ထဲမှာ ဆင်းရဲသား တစ်ယောက်က ထဖောက်လာတယ်။ ဒီ့အရင်က လုံးဝ မပေါ်ခဲ့ဘူးတဲ့ လုံးဝ မလုပ်ခဲ့ကြဘူးတဲ့ သူတစ်ပါး ပစ္စည်း မသိအောင် ခိုးယူမှု ဆိုတာ ထလုပ်လိုက်တယ်။ ပထမဦးဆုံး ခိုးမှု ပေါ်လာတယ် ဆိုပါတော့။ (တက်ကပ်တစ်ခု နှင့် ဆုတ်ကပ် တစ်ခု အတွင်းမှာ ပထမ ဆုံးပေါ်လာတဲ့ ခိုးမှု ဖြစ်တယ်)။
ဒီတော့ သိရှိကြသူတွေအားလုံးဟာ အထိတ်အလန့် ဖြစ်ကုန်ပြီး ထူးထူးဆန်းဆန်း မဖြစ်ပေါ်ဘူးသေးတဲ့ အမှု ကိစ္စမို့ ဘုရင့်ဆီ ခေါ်သွားပြီးတော့ တင်ပြ တိုင်တန်းကြတာပေါ့။ ဘုရင်ကလေးက အမှု ကို စစ်ဆေးမေးမြန်းတယ်။ မောင်မင်း ခိုးတာ မှန်သလား၊ မှန်ပါတယ် (အဲဒီတုန်းက ဘယ်သူမှ လိမ်မပြောကြဖူးသေးဘူးတဲ့။) ဘာကြောင့် ခိုးရသလဲ။ ကျွန်တော်မျိုးကြီးစားသုံးစရာ မရှိလို့ သား မယား ကျွေးမွေးစရာ မရှိလို့ မိအို ဘအိုတွေ မပြုစု မလုပ်ကျွေးနိုင်တော့လို့ သူတစ်ပါး ပစ္စည်း ယူရတာပါလို့ သနားစရာကောင်းလောက်အောင် လျှောက်တင်လိုက်တယ်။ ဒီတော့ ဘုရင်ကလေးက သနားသွားပုံ ပေါက်ပါတယ်။ နောက် ဘယ်တော့မှ မခိုးနှင့် စားသုံးစရာ မရှိလျှင် ငါ့ဆီ လာယူ။ ရော့ ယူသွား ဒီပစ္စည်းတွေနှင့် ၀၀လင်လင် စားသုံးပြီး သားမယား ကိုလည်း ကျွေး၊ မိဘ ကိုလည်း ပြုစု လို့ ပြောဆိုပြီး ပစ္စည်းတွေ ပေးလိုက်သတဲ့။
ပိုဆိုးသွားတာပေါ့။ သူပေးပုံက သူခိုး ``အားပေး´´ ဖြစ်သွားတယ်လေ။ ဆင်းရဲသားက လည်း တစ်ယောက်ထဲမှ မဟုတ်တာဘဲ အတော်ကလေးများနေပြီကိုး။ ဒီတော့ ဘုရင်လေးက ခိုးတဲ့သူ ပစ္စည်းပေး လွှတ်သတဲ့ ဆိုပြီး ခိုးတာမှ တမင် မိအောင်ကို ခိုးကြတာ။ ဒါမှ ဘုရင်ကလေးဆီ ဖမ်းပို့ မှာကိုး။ ဒီလိုနှင့် ခိုးလို့ ဘုရင်ကလေးဆီ ဖမ်းပို့တိုင်း နောက် (မခိုးနှင့်)၂ လို့ ပစ္စည်းတွေ ပေးပေးလွှတ်နေရတာ များလွန်းလာတော့ ဘုရင်ကလေး စိတ်ပျက်လာဟန် တူပါတယ်။ တယ် ဒီကောင်တွေ မခိုးနှင့် ပြောရက်သားနှင့် ပိုဆိုးလာတယ်။ နောက်ခိုးတဲ့ကောင် ခေါင်းဖြတ်လို့ အမိန့်ချ လိုက်တယ်။ ပထမ အဒိန္နာ ဒါန ကနေ ပါဏာတိပါတ ကူးလာတာပါပဲ။ အဲဒီတုန်းက သူ့အသက်သတ်ခြင်း ဆိုတာ လုံးဝ မရှိသေးဘူးတဲ့။ အဲဒီနောက်တော့ ခိုးတာမိလို့ ဖမ်းပို့လျှင် မောင်မင်း ခိုးသလား လို့ မေးလျှင် မခိုးဘူးလို့ လိမ်ပြောတယ်။ သေမှာ ကြောက်တာကိုး။ ဒီတင် ပါဏာတိပါတ ကံက ဆက်ပြီး မုသာဝါဒ ကူးလာပြန်တယ်။ အဲဒီနောက်တော့ ဒုစရိုက်တွေ တစ်ခုပြီး တစ်ခု တိုးလာလိုက်တာ နောက်တော့ ကိုယ်တွင်း သြဇာတွေညံ့၊ ပတ်ဝန်းကျင် မြေဆီ မြေလွှာတွေညံ့၊ အစားအသောက် အသီးအနှံတွေ အဆီ သြဇာ ဓာတ်နည်း၊ ကိုယ်တွင်း သြဇာဓာတ်ညံ့တာတွေ ပေါင်းမိပြီး ပိုဆိုး၊ ရောဂါတွေ အမျိုးမျိုးတိုးပြီး အသက်တွေတိုကြ၊ သက်တမ်းတွေ ဆုတ်လာ လိုက်ကြတာ ယခုတိုင်အောင်ပဲ ဆိုပါတော့။
ဒါဟာ စက္က၀တ္တိ သုတ္တန်မှာ မြတ်စွာ ဘုရား ဟောကြားခဲ့တဲ့ လူ့လောကကြီးရဲ့ ဖြစ်ရပ်မှန် သမိုင်း ဖြစ်စဉ်ပါပဲ။
"Black & White Party" (Sud De France)
1 hour ago
1 comments:
In other cases, the erectile dysfunction issues may be permanent, requiring long-term usage of Viagra online whenever intimacy is desired. Once you understand how and why cheap Viagra works and who can benefit from this medication, you can determine if you are a candidate for using Buy Cialis to treat your own erectile dysfunction problems.
Post a Comment