.

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

23 April 2008

အချိန်ရှိခိုက် လုံလစိုက်..



တစ်နေ့ အသိတစ်ယောက်နဲ့ အွန်လိုင်းမှာတွေ့ပြီးစကားပြောဖြစ်တယ်။ အကြောင်းအရာက အထူးအထွေမဟုတ်။ သာမန်သာကြောင်း၊ မာကြောင်း အဆင်ပြေကြောင်းတွေပါ။ သူက ရှားပါး ဓါတ်ပုံလေးတစ်ခုရထားကြောင်း ဆက်ပြောပြတယ်။

ဘာကြောင့် ရှားပါးဓါတ်ပုံလို့ ဆိုနိုင်သလဲ မေးတော့၊ တစ်ခါမှမမြင်ဘူးလို့ပါတဲ့။ ဟုတ်တာပေါ့။ မမြင်ဘူးတာမြင်ရ၊ မတွေ့ဘူးတာ တွေ့ရ၊ မစားဘူးတာ စားရရင် ကိုယ့်အတွက်တော့ အမှတ်တစ်ရ ဖြစ်တာပေါ့။ဒါနဲ့ ဓါတ်ပုံလေးကိုတောင်းကြည့်ဖြစ်သွားတယ်။ ဘယ်နေရာမှာ ဘယ်လိုရိုက်ထားတယ်။ ဘယ်လောက်ကြာပီဆိုတာနဲ့ ရှားပါးသလား..မရှားပါးလားတော့ မသိဘူး။ ဓါတ်ပုံကိုမြင်လိုက်ရတာနဲ့ ပျော်ရွှင် အားကျတဲ့ စိတ်၊ အထင်ကြီးလေးစားတဲ့ စိတ်တွေဖြစ်လာတာတော့ အမှန်ဘဲ။

ဓါတ်ပုံထဲမှာ ဇနီးမောင်နှံနှစ်ဖေါ် ကလေးသုံးယောက်ကို ပွေ့ဖက်ချီပိုးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဓါတ်ပုံရိုက်ခံနေကြတာ။ ဇနီးမောင်နှံတွေက အသက်၃၀ တောင်ပြည့်ဦးမယ်မထင်ဘူး။ အမျိုးသမီးက မိန်းကလေး၊ အမျိုးသားက ကလေးနှစ်ယောက်ကို ပွေ့ချီထားတာ။ တကယ့်ကို အားရ စရာကြီးပါ။

အားရစရာ လို့ပြောရတာက ကေဒါရ ကျေးမင်းဇာတ်လမ်းကို သတိရမိလို့။ ခုဒ္ဒက နိကာယ် ဇာတက အဋ္ဌကထာမှာ ကေဒါရကျေးမင်း အကြောင်းပြုပြီးဟောထားတဲ့ဇာတ်လမ်း။ ကြားဖူးပြီးဖြစ်မှာပါ။ မကြားဖူးသူများအတွက် ဒါက ပုံပြင်အသစ်ပေါ့။

အကျဉ်းချုပ်က ဒီလို။ တစ်ခါက ကျေးသားအုပ်တစ်စုဟာ ၀င်းမှည့်နေတဲ့ စပါးခင်းဆီ ကျပြီး အစာစားသောက်ကြတယ်။ အခြားကျေးငှက်တွေက အစာဝ ရင် ဒီအတိုင်းထပျံကြပေမဲ့ ကျေးကြီးတစ်ကောင်ကတော့ အ၀စားပြီးတဲ့အပြင် အပြန်မှာ စပါးနှံတွေကို တနိုင်ကိုက်ချီသယ်ယူသွားပါသတဲ့။ တစ်ရက်လည်းမဟုတ်.နှစ်ရက်လည်းမဟုတ်၊နေ့စဉ်ဆိုသလိုဖြစ်လာတော့ စပါးခင်းပိုင်ရှင်လယ်သမားက အဲဒီကျေးကြီးကို ရအောင်ထောင်ဖမ်း။ မိတော့ ဒီလောက်လောဘတစ်ကြီး ဘာလို့ သယ်နေတာလဲ။ သိုမှီးထားဖို့ စပါးကျီတွေဆောက်ထားသလား စသဖြင့် မကျေမနပ်မေးပါသတဲ့။ ကျေးကြီးက-

၁- ကြွေးမြီးဟောင်း ပေးဆပ်ဖို့

၂- ကြွေးမြီးသစ် ချပေးဖို့

၃- ရွှေအိုးမြှပ်ဖို့ အတွက် အိမ်အပြန်မှာ စပါးနှံကိုက်ချီယူရခြင်းပါလို့ ပြန်ဖြေသတဲ့။

ကြွေးမြီးဟောင်း ဆပ်ဖို့ဆိုတာက အိုမင်းမစွမ်း မိအိုဖ အိုတွေ ရှိတယ်။ သူတို့ကို တုန့်ပြန်လုပ်ကျွေးပြုစုရတာ ပြောတာဖြစ်ပြီး ကျြွေးမြီးသစ်ချပေးတယ်ဆိုတာက အရွယ်မရောက်သေးတဲ့ ကျေးသားလေးတွေ စားဖို့ ရှာကျွေးရတာကိုရည်ညွှန်းတာပါတဲ့။ ရွှေအိုးမြှပ်တယ်ဆိုတာက ခိုကိုးရာမဲ့ ဒုက္ခိတအကူအညီလိုနေတဲ့ ကျေးတွေကို အလှူအတန်းလုပ်တာကို ပြောတာပါတဲ့။ ကျေးသားရဲ့စကားကို လယ်သမားက သဘောကျသွားပြီး လယ်တစ်ခင်းလှူတဲ့ ဖြစ်ရပ်လေးနဲ့ ဇာတ်သိမ်းထားတယ်။

ဇာတက ဇာတ်လမ်း တွေဟာ ဘာတွေပါ ညာတွေပါ၊ တကယ်ရှိတာ မရှိတာ အသာထား။ အဲဒါတွေထဲမှ ဘာတွေ ရနိုင်သလဲ ဆိုတာဘဲ ဒီနေရာမှာ ပြောမယ်။ ပုံပြင်ကြိုက်တဲ့ကလေးဘ၀က တိရစ္ဆာန်တွေကို ဇာတ်ကောင်ပြုထားတဲ့ ဇာတ်လမ်းလေးတွေ စိတ်ထဲစွဲထင်ခဲ့ဖူးတယ်။ ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ်သွားတို့၊ ယုန်နဲ့လိပ်အပြေးပြိုင်၊ ယုန်ရှုံးးတဲ့ အဖြစ်၊ စပျစ်သီးချဉ်တယ်လို့ ပြောတဲ့ အီစွတ်ပုံပြင် စတာတွေကို ကလေးစာပေအဖြစ်သတ်မှတ်ကြတယ်။ တိရစ္ဆာန်ဇာတ်ကောင်ရဲ့ ကာရိုက်တာတွေ၊အဖြစ်အပျက်တွေထဲက ရှောင်ရန် ဆောင်ရန် သင်ခန်းစာတွေ ရယူနိုင်တယ်။ ထိုနည်းတူစွာ ဗုဒ္ဓစာပေ လာ ဇာတက၀တ္တုများထဲက တိရစ္ဆာန်ဇာတ်ကောင်တွေဆီကနေ ရှောင်ရန် ဆောင်ရန် စသဖြင် သင်ခန်းစာများထုတ်နုတ်ပြီး ဘ၀မှာ လက်တွေ့အသုံးချနိုင်ရင် တစ်စုံတစ်ခုသောအကျိုးပေးနိုင်တယ် လို့ ယုံကြည်ပါတယ်။

ပထမ အရွယ် ပညာ၊ဒုတိယအရွယ် ဥစ္စာ၊တတိယ အရွယ် ဘာဝနာ ဆိုတာက တစ်မျိုး၊ သမီးကညာ အခါမလင့်စေနဲ့ ဆိုတာက တစ်သွယ်၊ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတာက တစ်နည်း ၊လူ့ဘောင်လူ့လောကမှာ သူ့အချိန်အခါအလိုက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ထားသင့်တယ်လို့ တိုက်တွန်းတဲ့ စကားပုံတွေလို့ဆိုနိုင်မယ်ထင်ပါတယ်။ လူ့ဘ၀မှာ သူ့အချိန်နဲ့သူပြုသင့်ပြုထိုက်တဲ့ အလုပ်တွေ အချိန်နဲ့တပြေးညီလုပ်ဆောင်သွားနိုင်ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။

ဒါကြောင့် ကြွေးမြီးဟောင်းလည်းဆပ်ကြပါ။ ကြွေးမြီးသစ်လည်း ချပေးကြပါ။ မရှိရင် ရှိအောင် မြီးစားလေးတွေ ရအောင် ကြိုးစားကြပါ။ ရွှေအိုးလည်းမြှပ်ကြပါလို့ တိုက်တွန်းပါတယ်။ အဲဒီလို လုပ်နိုင်ပါမှ…အထက်ပါ ဓါတ်ပုံထဲကလို သာယာပျော်ရွှင်ဖွယ်ရာမိသားစုလေး တည်ဆောက်နိုင်မှာဖြစ်ကြောင်း ဇာတ်အဋ္ဌကထာပါ ကေဒါရကျေးမင်း ဇာတ်နှင့် ယှဉ်တွဲပြီး အတွေးပွါးနေခဲ့မိပါကြောင်း။

အချိန်ရှိခိုက်..လုံလ စိုက် ကိုယ်စီကိုယ်ငှ သာသနာပြုနိုင်ကြပါစေ။

1 comments:

FTXT said...

Because louis vuitton wallet don’t have to worry about their market and don’t need to do some sales promotion, that is why they called louis vuitton wallets . Although pricing for louis vuitton 2010 is higher, people feel it is worthy to buy it.