ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတိုင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သည်ကို အလေးအမြတ်ထားကြသည်။ မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ အလိုက် နှစ်သစ်ကူးပွဲတော်များ ကျင်းပကြ၍ နှစ်ဆန်းနှစ်သစ်ကို ကြိုဆိုလေ့ ရှိကြသည်။ မြန်မာတို့က ယင်းနှစ်သစ်ကူးပွဲ ကို သင်္ကြန်ပွဲ တော် ဟုခေါ်၏။ သင်္ကြန်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့်အတူ ပေါ်လာသော နှစ်သစ်ကူး ပွဲတော်ဖြစ်သည် ဟု ဆိုကြပါသည်။
မြန်မာ့ယဉ်ကျေးမှုအယူအဆ အရ နှစ်သစ်ကူး သင်္ကြန်ကျချိန်၌ သိကြားမင်းသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြသည်။ သိကြားမင်း လူ့ပြည်ဆင်းချိန်ကို သင်္ကြန်စ၍ ကျသည်ဟု ယုံကြည်လက်ခံသည်။ သိကြားမင်းမဆင်းမီ တစ်ရက်အလို တွင် သိကြားမင်းကို ကြိုဆိုသောအားဖြင့် အတာအိုးများတွင် ပန်းများထိုးပြီး ကြိုဆိုလေ့ရှိသည်။ ယင်းကို သင်္ကြန်အကြိုနေ့ဟု သတ်မှတ်ထားကြသည်။
သိကြားမင်းဆင်းလာသော သင်္ကြန်ကျချိန်တွင် ဆဲဆိုခြင်း မပြုကြရန်၊ မကောင်းမှု မပြုလုပ်ကြရန်၊ ကုသိုလ်ကောင်းမှုပြုကြရန်၊ သက်ကြီးဝါကြီး များကို ပူဇော်ကန်တော့ရန် ဆုံးမထားသည်။
သိကြားမင်း နတ်ပြည်သို့ပြန်တက်ချိန်ကို သင်္ကြန်အတက် ဟု သတ်မှတ်ကြသည်။ နှစ်သက်ကူး သိကြားမင်း လူ့ပြည်သို့ဆင်းလာသည့်အခါ တွင် ကျွဲ၊နွား စသော သတ္တ၀ါ တစ်ကောင်ကောင်ကို စီး၍ ဖြစ်စေ၊ လှံ၊ မီးရှူးတိုင် စသည့် ၀တ္ထုပစ္စည်းတစ်ခုခုကို ကိုင်ဆောင်၍ဖြစ်စေ ဆင်းလာ လေ့ရှိသည်ဟု ယုံကြည်ကြသည်။
သင်္ကြန်စာ
ရှေးခေတ်မြန်မာဘုရင်များ လက်ထက်ကတည်းက ပင် သင်္ကြန်အခါတော်ကို နန်းတော်ရှိ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က ဗေဒင်ကျမ်းများနှင့် အညီ တွက်ချက်ပေးရသည်။
ဘုရင့်နန်းတော်တွင် ဗေဒင် ဆန်းကျမ်း၊ နက္ခတ်ကျမ်း စသည်တို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပညာရှိတို့က မည်သည့်နှစ်တွင် ၀ါထပ်မည်၊ ၀ါကြီးထပ်မည်၊ ၀ါငယ်ထပ်မည်၊ ရက်ငင်သည်၊ မည်သည့် ဂြိုဟ် အကောက်သွားမည်၊ အဖြောင့်သွားမည်၊ နေကြတ်မည်၊ လကြတ်မည်၊ ငလျင်လှုပ်မည်၊ တော်လည်းမည်၊ စစ်ဖြစ်မည် စသည်တို့ကို နှစ်စဉ်တွက်ချက်၍ ဗေဒင်ဟောစတမ်း ရေးပြီး ဆက်သွင်းရသည်။
တိုင်းပြည်အတွက် တစ်နှစ်တာ ဟောစာတမ်းကို ဘုရင်က သာသနာပိုင်ဆရာတော်အား ပြသပြီး ပညာရှိများ တွက်ချက်ယူဆပုံ နှင့် ကိုက်ညီ- မညီ ညှိနှိုင်းစီစစ်၍ တိုင်းပြည် သို့  ဖြန့်ချီသည်။
ဤဟောစာတမ်းကို သင်္ကြန်စာ ဟူ၍ ခေါ်ဝေါ်လေသည်။
ယနေ့ခေတ်တွင်မူ နိုင်ငံတော်အစိုးရက နိုင်ငံတော်ပြက္ခဒိန်အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ယင်းအဖွဲ့က နိုင်ငံတော်အတွင်း သင်္ကြန်ကျရက်၊ ကြတ်ရက်၊တက်ရက်၊ ၀ါထပ်ရက်တို့ကို ညှိနှိုင်းတွက်ချက်၍ နိုင်ငံတော် အစိုးရသို့ တင်ပြရသည်။ နိုင်ငံတော်အစိုးရက ယင်းတင်ပြချက်ကို ထုတ်ပြန်ကြေညာပေးသည်။
ရေပက်ဖျန်းကစားခြင်း ဓလေ့
မြန်မာတို့ နှစ်သက်ကူးတွင် ရေပက်ဖျန်း ကစားကြသည်။ယင်း ယဉ်ကျေးမှု ဓလေ့သည် တောင်းခေတ်ကပင် ပေါ်ခဲ့သည်ဟု ဆိုရပါမည်။
ပုဂံခေတ်၌ မြန်မာမင်းတို့သည် သကျသာကီဝင်မင်းတို့၏ ဓလေ့ထုံးစံ အတိုင်း ရေပက်ဖျန်းကစားလေ့ရှိကြသည်ကို တွေ့ရသည်။ မှန်နန်းရာဇ၀င် ၌-
နရသီဟပတေ့ ခေါ် ပုဂံမင်းသည် နွေလအခါ ဧရာဝတီမြစ်ဆိပ်တွင် မင်းတဲ လုံခြုံစွာ ဆောက်၍ နန်းတော်မှ မြစ်ဆိပ်အရောက် လူသူမမြင် သော တဲနန်းဥမင်ဖြင့် ကြွတော်မူ၍ မိဖုရားမောင်းမမိဿံ တို့နှင့်အတူ ရေဖျန်းသဘင် ဆင်ယင်ကျင်းပသည် ဟုရေးသားထားသည်ကို တွေ့ရပါသည်။
ရေပက်ဖျန်းခြင်း ဓလေ့ကို မည်သို့ အဓိပ္ပါယ်ဖွင့်၍ ယူကြစေကာမူ ယနေ့မြန်မာတို့ကမူ နှစ်သစ်ကူးမင်္ဂလာအချိန်တော်တွင် တစ်ဦးနှင့် တစ်ဦး ရေပက်ကစား ကြခြင်းသည်-
- အေးမြကြည်လင်ခြင်း
- အညစ်အကြေးကိုဆေးကြောခြင်း
- ရေကိုသား၍ အာကားမထင်ဘဲ ဆက်စပ်နေသကဲ့သို့ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်၍ ချစ်ခင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း ဟူသော နေရနိမိတ် သုံးပါးကိုယူ၍ ရေပက်ဖြန်းကစားလေ့ရှိကြသည်။
သင်္ကြန်ပွဲတော် ကျင်းပပုံ
မြန်မာလူမျိုးတို့သည် ရှေးအခါမှစ၍ သင်္ကြန်ပွဲတော်ကို ပြက္ခဒိန်အဖွဲ့ က သတ်မှတ်ပေးရက်အရ အကျရက်၊ အကြတ်ရက်၊ အတက်ရက်၊ (၃) ရက် ကျင်းပမြဲဖြစ်သည်။
သင်္ကြန်ပွဲတော်သည် သာကီဝင်မင်းတို့၏ ရေပက်ဖြန်း ကစားမှုဓလ့မှ လောကီဗေဒင်ကျမ်းလာအရ ပွဲတော်ဖြစ်လာသော်လည်း ဗုဒ္ဓဘာသာဝင် တို့ကမူ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို လူမျိုးတိုင်း မင်္ဂလာရှိစေချင်သည်။ မင်္ဂလာယူကြသည်။ မင်္ဂလာအခါဟူ၍ သတ်မှတ်ကြသည်။ နှစ်သစ် တွင် မင်္ဂလာအဖြာဖြာတို့ သစ်ဆန်း၍ တင့်လန်းဝေဖြာစေရန် ဗုဒ္ဓတရားတော်အရ တကယ့်မင်္ဂလာအစစ်ဖြစ်စေသည့် ကုသိုလ်ရေးကိုရအောင်ယဉ်တွဲ၍ သင်္ကြန်ပွဲကို ဆင်နွဲကြသည်၊ ဖန်တီးတည်ဆောက်ကြသည်။
ယင်းအစီအစဉ်အရ သင်္ကြန်အခါတော်တွင် အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွဲကြခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များ ဆွမ်းကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွါးတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဘုရားပုထိုး ပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ကျောင်းကန် ဇရပ်တို့ကို သန့်ရှင်းခြင်း၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တို့ကို တရော်ကင်းပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာ ရေကောင်းတို့ဖြင့် ရေချိုးသန့်စင်ပေးခြင်း၊ ဘိုးဘွားမိဘ တို့ကို ပူဇော်ကန်တော့ခြင်း၊ ပရိတ်တရားတော် ပွါးများ ခြင်း၊ ရေခန်းလုနီးဖြစ်သော အင်း အိုင် ချောင်း မြောင်းများမှ ငါးများကို ဖမ်း၍ဖြစ်စေ၊ အသတ်ခံရမည့်ဆဲဆဲ ငါးများကို ၀ယ်ယူ၍ဖြစ်စေ ရေများရာ ရေကန် ချောင်း စသည်တို၌ လွှတ်ပေးခြင်း၊ကျွဲ နွား စသည့် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း စသော ကုသိုလ်ကောင်းမှု များစွာပြု၍ နှစ်သစ်ကူးရေကစား မှုကို ပြုလုပ်ကြသည်။
ရေးဘုရင်အဆက်ဆက်မှ ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပလာခဲ့သော သင်္ကြန်ပွဲတော်သည် ခေတ်အားလျော်စွာ တစ်နှစ်ထက်တစ်နှစ် အသွင်ပြောင်းလဲ လာခဲ့ပါသည်။ သို့သော်လည်း လူ့လောကကို အကျိုးပြု ထိန်းသိမ်း စောင့်ရှောက်သော ယဉ်ကျေးမှုကို နှစ်ပရိစ္ဆေဒ မည်မျှ ကြာညောင်း၍ မည်မျှပင် ရှေးကျစေကာမူ လျစ်လျှူရှုမထားဘဲ အရှည်တည်တံ့စေရန် အစဉ်ကြိုးစားအားထုတ်ကြရမည်။
မြန်မာ့ ရိုးရာယဉ်ကျေးမှုပွဲတော်သည် မြန်မာတို့အဖို့ လူမှုရေး၊ နိုင်ငံရေး၊ဘာသာရေးတို့ ၌ များစွာကျေးဇူးပြုသည်ကို မြန်မာလူမျိုးတိုင်း နားလည်ကြသည်။
သို့အတွက် မြန်မာ့ယဉ်ကျေးမှုဓလေ့ကို မြန်မာတိုင်း လေးစားလိုက်နာ ထိန်းသိမ်းကြရန်ဖြစ်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။
တက္ကသိုလ်သျှင်သီရိ(ဓမ္မာစရိယ၊ဘီအေ)
12/4/2008 မြန်မာ့အလင်းသတင်းစာပါဆောင်းပါးဖြစ်ပါသည်။
0 comments:
Post a Comment